မုန်တိုင်း • 1 min read
သတင်း

မုန်တိုင်းငယ် မြန်မာသို့ ဦးမတည်၍ အဝါရောင်အဆင့် သတ်မှတ်

Zin Thaw

Nov 16, 2026

မုန်တိုင်းငယ် မြန်မာသို့ ဦးမတည်၍ အဝါရောင်အဆင့် သတ်မှတ်
0 Shares
4 Views

 

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ လက်ရှိမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာလ ၁၆ ရက်၊ မနက် ၇ နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။

အဲဒီမုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး အားကောင်းတဲ့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက်၊ အိန္ဒိယနိုင် ငံ၊ ဗီဆာကာပတ္တနမ်မြို့ရဲ့တောင်-အရှေ့တောင်ဘက်နဲ့ ဂိုလ်ပါပူမြို့ရဲ့တောင်-အရှေ့တောင်ဘက် ရေမိုင် ၅၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ဆိုပါတယ်။မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်၊ နိုဝင်ဘာလ ၁၇ ရက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်နဲ့ နိုဝင်ဘာလ ၁၉ ရက်မှာတော့ ပိုမိုအားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် ကမ်းခြေအနီးကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် နိုဝင်ဘာလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာ ကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာနေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ကြိုတင်သတိပြုကြဖို့ အသိပေး ထားပါတယ်။ ဒါ့အပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေ အနေနဲ့လည်း ရာသီဥတုအခြေအနေတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

 

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ