အောင်မြင်မှု • 1 min read
သတင်း

ခုံသမာဓိဦးရေတစ်ထောင်ခန့် မွေးထုတ်ထား

Zin Thaw

Nov 16, 2026

ခုံသမာဓိဦးရေတစ်ထောင်ခန့် မွေးထုတ်ထား
0 Shares
4 Views

မြန်မာနိုင်ငံမှာ စီးပွားရေးနယ်ပယ်အတွင်း အငြင်းပွားမှုတွေ ပေါ်ပေါက်လာရင် အနုညာတစီရင်ဆုံးဖြတ်ခြင်း နည်းလမ်းနဲ့ဖြေရှင်းတာကို လူသိများလာပြီး ခုံသမာဓိဦးရေတစ်ထောင်လောက် မွေးထုတ်ထားတယ်လို့ မြန်မာ အနုညာတခုံသမာဓိများအဖွဲ့(CMA)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။

နိုဝင်ဘာလ ၁၄ ရက်က ရန်ကုန်မြို့၊ အတွင်းဝန်ရုံးမှာ ကျင်းပတဲ့ မြန်မာအနုညာတခုံသမာဓိများအဖွဲ့(CMA)က ဖွင့်လှစ်ပို့ချတဲ့ အနုညာတခုံသမာဓိသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။အနုညာတခုံသမာဓိသင်တန်းဆင်းပြီးတဲ့ သင်တန်းသားတွေအနေနဲ့ စာတွေ့နဲ့ မလုံလောက်ဘဲ ခုံသမာဓိနည်းလမ်း အတိုင်း စစ်ဆေးနေတဲ့အမှုတွေကို အနည်းဆုံး ၁၀ ကြိမ်လောက် နားထောင်ပြီးမှ MAC ရဲ့ ခုံသမာဓိစာရင်းထဲ ထည့်သွင်းပေးတာ ဖြစ်တယ်လို့ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။အငြင်းပွားမှုတွေ ပေါ်ပေါက်တဲ့အခါ ခုံသမာဓိနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင် မြန်မာအနုညာတ စီရင်ဆုံးဖြတ်ခြင်း ဗဟိုဌာန(MAC)ရဲ့ စာရင်းမှာပါဝင်တဲ့ ခုံသမာဓိတွေကို ရွေးချယ်ခန့်ထားနိုင်ပြီး ခုံသမာဓိတွေထဲမှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ သင်္ဘောသား စတဲ့ နယ်ပယ်ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

အနုညာတစီရင်ဆုံးဖြတ်ခြင်းနည်းလမ်းနဲ့ဖြေရှင်းတာကို ရာဇဝတ်ပြစ်မှုတွေမှာ စီရင်ပိုင်ခွင့်မရှိဘဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ စာချုပ်စာတမ်း၊ အရောင်းအဝယ်ကိစ္စ အငြင်းပွားမှုတွေမှာ ဆုံးဖြတ်နိုင်ပါတယ်။ တခြားနိုင်ငံတွေ မှာတော့ စွမ်းအင်ကဏ္ဍ၊ အားကစားကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍနဲ့ လူမွဲအဖြစ်ခံယူခြင်း ကဏ္ဍတွေမှာ အနုညာတ စီ ရင်ဆုံးဖြတ်ခြင်းနည်းလမ်းနဲ့ဖြေရှင်းတာတွေကို ကျယ်ပြန့်စွာ ဆောင်ရွက်လာ တာတွေ့ရပါတယ်။ လက်ရှိ အချိန်အထိ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန(MAC) အနေနဲ့ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ (၂၀၁၆)နဲ့ ဖြေရှင်းခဲ့တဲ့အမှု (၁၈)မှု ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေကို တရားရုံးပြင်ပ အနုညာတခုံသမာဓိနည်းလမ်းနဲ့ ဖြေရှင်းလို့ရတဲ့ အတွက် အများပြည်သူသိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ Lucky 9 Trading International Co.,Ltd ရဲ့ ဒါရိုက်တာ ဦးအောင်ကိုကိုက ပြောပါတယ်။မြန်မာနိုင်ငံမှာ အနုညာတခုံသမာဓိနည်းလမ်းနဲ့ ဖြေရှင်းတာကို မြန်မာနိုင်ငံသား အချင်းချင်းဖြစ်ပွားတဲ့ အငြင်းပွား မှုတွေသာမက မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသားဖြစ်ပွားတဲ့ စီးပွားရေးဆိုင်ရာအငြင်းပွားမှုတွေ၊ နိုင်ငံခြားသား အချင်းချင်းဖြစ်ပွားတဲ့ စီးပွားရေးဆိုင်ရာအငြင်းပွားမှုတွေမှာ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။

Tags:

Tags are not assign yet!

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ