အမျိုးသမီး ၈၃ ဦးကို ကလေးသူငယ်အခွင့်အရေးများအရ စောင့်ရှောက်ထား
Zin Thaw
Nov 16, 2026
အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉)အရ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်တဲ့ ကျောင်းသူ ၈၃ ယောက်ကို လက်ခံစောင့်ရှောက်ထားတယ်လို့ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းကနေ သိရပါတယ်။
အဲဒီကျောင်းမှာ ပြစ်မှုရင်ဆိုင်ဆဲ ၄ ယောက်၊ ပြစ်ဒဏ်ကျ ၅၆ ယောက်၊ အုပ်ထိန်းသူမဲ့ ကျောင်းသူ ၂၃ ယောက် စုစုပေါင်း ၈၃ ယောက်ကို လက်ခံစောင့်ရှောက်ထားပြီး ကျောင်းအနေနဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေး တာ၊ အကျင့်စာရိတ္တပြုပြင်ပေးတာ၊ အသိပညာဗဟုသုတတွေ တိုးပွားစေဖို့ ပံ့ပိုးမှုတွေဆောင်ရွက်ပေးတာ၊ အသက် မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးတာ၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးတာနဲ့ မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံပေးတာတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်ဟာ နိုဝင်ဘာလ ၁၅ ရက်က အမျိုး သမီး သက်မွေးအတတ်ပညာသင်ကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသူတွေကို အကျင့်စာရိတ္တ ပြုပြင်ပေးတာတွေအပြင် သူတို့တွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသိပညာတွေ၊ ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတတွေကို သက်ဆိုင်ရာကဏ္ဍတွေအလိုက် ပညာရှင်တွေဖိတ်ခေါ်ကာ အသိပညာ ပေးတာတွေ ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင့် အသက်မွေးဝမ်းကျောင်းပညာတွေကို တိုးချဲ့သင်ကြားပေးတာ၊ စာဖတ်တဲ့အလေ့အကျင့်ကောင်းတွေ ဆောင်ရွက်ပေးတာ၊ နေရပ်ပြန်ပါက ပြန်လည်အသုံးချနိုင်မယ့် အသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ကြား ပေးတာတွေနဲ့ ကျောင်းသူတွေ စားသောက်မှုမှာ အထောက်အပံ့ဖြစ်စေရေးနဲ့ စိတ်အပန်းဖြေမှု ရရှိစေရေး ကျောင်းတွင်းသီးပင်စားပင်တွေ စိုက်ပျိုးကြဖို့၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ဆောင်ရွက်ပေးဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က မှာကြားခဲ့တယ်လို့ သိရပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE