ဖူးခက်တွင် လေးထပ်အဆောက်အအုံမီးလောင်မှု ၁၁ ဦး သေဆုံး
Zin Thaw
Nov 16, 2026
ထိုင်းနိုင်ငံတောင်ပိုင်း အပန်းဖြေကျွန်းဖြစ်တဲ့ ဖူးခက်မှာ နိုဝင်ဘာ ၁၆ ရက် တနင်္လာနေ့ မနက်အစောပိုင်းက လေးထပ်အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၁ယောက် သေဆုံးကာ ၁၆ ယောက် ဒဏ်ရာရရှိခဲ့ တယ်လို့ CNA သတင်းမှာ ဖော်ပြပါတယ်။
မီးလောင်မှုဟာ နိုဝင်ဘာ ၁၆ ရက် ဒေသစံတော်ချိန် မနက် ၃ နာရီခွဲဝန်းကျင်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီ အဆောက်အအုံမှာ စားသောက်ဆိုင်တစ်ဆိုင်နဲ့ အခန်းငှားနေထိုင်သူတွေ ရှိတဲ့နေရာတွေ ပါဝင်တယ်လို့ ဖူးခက်မြို့ ပတုန်းရပ်ကွက်ရဲတပ်ဖွဲ့အရာရှိတစ်ယောက်က AFP သတင်းဌာနကို ပြောပါတယ်။“မီးသတ်သမားတွေဟာ မီးကို ထိန်းချုပ်နိုင်ဖို့ နှစ်နာရီလောက် ကြိုးစားခဲ့ရပါတယ်။ မီးငြှိမ်းသတ်ပြီးနောက် သေဆုံးသူ ၁၁ ယောက်ကို တွေ့ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။ သေဆုံးသူတွေထဲမှာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အသေးစိတ် ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ မီးဟာ မော်တော်ဆိုင်ကယ်အငှားဆိုင်တစ်ဆိုင်ကနေ စတင် လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံတစ်ခုလုံးကို ကူးစက်လောင်ကျွမ်းသွားတာလို့ သိရပါတယ်။ဒဏ်ရာရရှိသူ ၁၆ ယောက်ကိုလည်း ဆေးရုံတွေမှာ ဆေးကုသမှုပေးခဲ့ရပါတယ်။ သူတို့ဟာ မီးခိုးငွေ့ရှူရှိုက်မိတာနဲ့ မှန်ကွဲစတွေကြောင့် ဒဏ်ရာရရှိခဲ့ကြတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေ မပါဝင်ဘူးလို့ Reuters သတင်းဌာနက ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE